တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ LG နဲ့ Samsung ကတော့ အားလုံးသိကြတဲ့အတိုင်း နည်းပညာပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိကြပြီး အပြိုင်အဆိုင်ပါပဲ။ အခုတစ်ခါမှာလည်း LG နဲ့ Samsung တို့ရဲ့ မြန်မာပြည်မှာဝယ်ယူနိုင်ပြီဖြစ်တဲ့ နောက်ဆုံးထွက် စမတ်ဖုန်း ၂လုံး Nexus 5 နဲ့ Galaxy Note 3 တို့အကြောင်းကို သုံးသပ်ဆွေးနွေးကြရအောင်။
Galaxy Note 3 ကတော့ ခုချိန်မှာ လူစိတ်ဝင်စားမှု ရရှိနေတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်း ၆၅၀၀၀၀ ကျပ်ဝန်းကျင် ဖြစ်နေပြီး လက်ရှိမှာ Samsung ရဲ့ Latest စမတ်ဖုန်းဖြစ်ကာ စမတ်နာရီ Galaxy Gear နဲ့ တွဲဖက်ပြီး လူသိများလာတာပဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ၎င်းဖုန်းရဲ့ ကျောဘက်ကာဗာဟာ Leather Case (သားရေအဖုံး)နဲ့ ပြုလုပ်ဖန်တီးထားတယ်လို့ ဆိုပြီး ထောင့်စွန်းပတ်လည်မှာလည်း ချုပ်ရိုးချုပ်သားတွေနဲ့ ဒီဇိုင်းထွင်ထားတာပါ။ ဒါပေမယ့် တကယ့် Leather အစစ်မဟုတ်ဘဲ နဂိုမူလ ပလတ်စတစ်ကိုယ်ထည်ကိုသာ အနည်းငယ်ပြောင်းလဲ ထုတ်လုပ်ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။
ဈေးနှုန်း ၄၉၀၀၀၀ ကျပ် ၀န်းကျင်နဲ့ ရောင်းချနေတဲ့ Nexus 5 အကြောင်း အနည်းငယ်ပြောလိုပါတယ်။ ဒီဖုန်းဟာ LG နဲ့ Google တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်တစ်ခုဖြစ်ပြီး နောက်ဆုံးထွက် အန်းဒရွိုက်ဗားရှင်း 4.4 (KitKat) ကို ပထမဆုံး အသုံးပြုတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အန်းဒရွိုက်ထုတ်လုပ်သူ Google အနေနဲ့ ၎င်းတို့ရဲ့ နောက်ဆုံးပေါ် အန်းဒရွိုက် OS ကို အကောင်းမွန်ဆုံး Hardware ထုတ်လုပ်သူထံသို့သာ အပ်နှံလေ့ရှိပါတယ်။ သို့မှသာ အဆိုပါ အန်းဒရွိုက်ဗားရှင်းကို သုံးစွဲလိုတဲ့ အခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေဟာ Nexus 5 ကို နမူနာယူပြီး ထုတ်လုပ်ကြရတာပါ။ ကိုယ်ထည်ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ Galaxy Note 3 ဟာ Phablet တစ်လုံးဖြစ်တာနဲ့အညီ S Pen လည်း ပါဝင်ပြီး အလေးချိန်က ၁၆၈ ဂရမ်ရှိပါတယ်။ Nexus 5 ကတော့ ၁၃၀ ဂရမ်သာ ရှိပြီး သပ်ရပ်လှပတဲ့ ဒီဇိုင်းနဲ့ ပေါ့ပါးတဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။
တပ်ဆင်ထားတဲ့ ချစ်ပ်ဟာဆိုရင်လည်း ဖုန်းနှစ်လုံးမှာ Qualcomm ရဲ့ Snapdragon 800 ချစ်ပ်ကို တပ်ဆင်ထားတာပါ။ CPU မှာလည်း ဖုန်းနှစ်လုံးဟာ Quad-Core 2.3GHz Krait 400 ဖြစ်ပါတယ်။ ထပ်မံပြီး ထူးခြားတိုက်ဆိုင်နေတာက စမတ်ဖုန်းရဲ့ ဂရပ်ဖစ် (GPU) အတွက်လည်း ဒီဖုန်းတွေမှာ Adreno 330 ကို သုံးစွဲထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့အာရုံခံကိရိယာ (Sensors) တွေ အနေနဲ့လည်း Screen ကို သုံးစွဲတဲ့အတိုင်း အလိုလျောက်တိမ်းစောင်းပေးမယ့် Accelerometer, ဖုန်းရဲ့ တိမ်းစောင်းမှုတွေကို တွက်ချက်နိုင်တဲ့ Gyro, ဖုန်းပြောနေချိန် Screen ကို ပိတ်ထားပေးမယ့် Proximity, တည်နေရာ ရပ်ညွှန်းထောင့်တွေကို ဖော်ပြတွက်ချက်နိုင်တဲ့ သံလိုက်အိမ်မြှောင် Compass, လေထုဖိအားနဲ့ ရာသီဥတုကို အာရုံခံနိုင်မယ့် Barometer စသဖြင့် စုံလင်စွာ ပါဝင်ကြပါတယ်။
Nexus 5 ကို အဖြူနဲ့ အနက်ဆိုပြီး အရောင် ၂ မျိုးနဲ့ ထုတ်လုပ်ထားကာ Galaxy Note 3 ကတော့ အဖြူ၊ အနက်၊ ပန်းရောင်၊ အနီ၊ ရွှေရောင် စသဖြင့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ထူးခြားတာက LG ရဲ့ Nexus 5 မှာ ကြိုးမဲ့အားသွင်းစနစ် (Wireless Charging) ထည့်သွင်းပေးထားတာပါ။ စမတ်ဖုန်းမျက်နှာပြင် Nexus 5 ဟာ ၄.၉၅လက်မ ဆိုတော့ ၅လက်မလို့ပဲ ယူဆနိုင်ပါတယ်။ Galaxy Note 3 ကတော့ Phablet တစ်လုံး ဖြစ်တာနဲ့အညီ မျက်နှာပြင်အကျယ် ၅.၇လက်မ ဖြစ်ပါတယ်။ ‘Phablet’ ဆိုတာက မျက်နှာပြင် ၅လက်မ ကနေ ၆.၉လက်မ အထိ ရှိတဲ့ အရွယ်အစားကြီး စမတ်ဖုန်းတွေကို ရည်ညွှန်းတာပါ။ Galaxy Note 3 မှာက Super AMOLED Capactivite Touchscreen တပ်ဆင်ထားတာဖြစ်ကာ မျက်နှာပြင်အကျယ် ၅.၇လက်မနဲ့ Resolution 1080×1920 ရှိပါတယ်။ ဒါကြောင့် Pixel သိပ်သည်းဆ တစ်လက်မလျှင် 386 ppi ဖြစ်ပါတယ်။ Nexus 5 မှာလည်း Resolution အချိုးက အတူတူပါပဲ။
ဒါပေမယ့် မျက်နှာပြင်အကျယ်က ၅ လက်မ ဖြစ်တာကြောင့် Pixel သိပ်သည်းဆက 445 ppi ဖြစ်သွားပါတယ်။ PPI (Pixel Per Inch) ဆိုတဲ့ ပစ်ဇယ်သိပ်သည်းဆ များလေ စမတ်ဖုန်းရဲ့ ရုပ်ထွက်ကြည်လင်ပြတ်သားလေ ဖြစ်ပါတယ်။ Network & Data Transfer ဒီဖုန်း ၂လုံးဟာ မြန်မာပြည်ရဲ့ GSM, WCDMA ကွန်ရက်တွေမှာ အသုံးပြုနိုင်ပါတယ်။ Micro-SIM ကဒ် ထည့်သွင်းသုံးစွဲရမှာပါ။ ကြိုးမဲ့အင်တာနက်စနစ် (Wi-Fi) ချိတ်ဆက်မှု အနေနဲ့လည်း a/b/g/ac စသဖြင့် ဗားရှင်းမျိုးစုံနဲ့ ချိတ်ဆက်သုံးစွဲနိုင်ပြီး နောက်ဆုံးပေါ် Bluetooth 4.0, ဖုန်းအချင်းချင်း ထိတွေ့လိုက်ရုံနဲ့ Data တွေ ကူးပြောင်းစီးဆင်းနိုင်စေမယ့် NFC (Near Field Communication) စသဖြင့် အစုံအလင် ပါဝင်ကြပါတယ်။
Camera Nexus 5 ရဲ့ ကင်မရာက 8MP ဖြစ်ပြီး Note 3 ရဲ့ ကင်မရာကတော့ 13 MP ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ဖုန်းတွေကို သုံးပြီး တကယ်လက်တွေ့ ဓာတ်ပုံရိုက်ကြည့်တဲ့အခါ သိသာလောက်အောင် မကွာခြားတာကို တွေ့ရပါတယ်။ ဆိုလိုတာက Nexus 5 ရဲ့ ကင်မရာသည်လည်း 8 MP ဖြစ်ပေမယ့် အရည်အသွေးပိုင်းမှာ 13 MP ကို ကောင်းကောင်းယှဉ်နိုင်ပါတယ်။ ဒါကြောင့်လည်း Google က Hardware အားကောင်းတဲ့ LG ကို KitKat ရဲ့ ပထမဦးဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ် ရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် Galaxy Note 3 မှာက ဗီဒီယိုနဲ့ ဓာတ်ပုံကို တစ်ပြိုင်တည်း ရိုက်ကူးနိုင်တဲ့စနစ်၊ ရှေ့ကင်မရာနဲ့ နောက်ကင်မရာ နှစ်ခုလုံးကို ပြိုင်တူသုံးနိုင်တဲ့ စနစ်၊ LED Flash, Touch Focus, Face & Smile Detection, Panorama, HDR စတာတွေသာမက ဗီဒီယိုရိုက်ကူးမှုပိုင်းမှာလည်း 2160p ရုပ်ထွက်အထိ စွမ်းဆောင်နိုင်ပါတယ်။
Nexus 5 မှာလည်း စမတ်ဖုန်း ကင်မရာရဲ့ Features တွေ အစုံအလင် ပါဝင်ပြီး Galaxy Note 3 ရဲ့ ရှေ့ကင်မရာက 2MP ဖြစ်ကာ Nexus 5 ရဲ့ ရှေ့ကင်မရာကတော့ 1.3 MP ပါ။ OS & Memory ဒီနေရာမှာ Nexus 5 က သာလွန်သွားပါတယ်။ အန်းဒရွိုက်နောက်ဆုံးဗားရှင်း 4.4 (KitKat) ကို အသုံးပြုတဲ့ ပထမဦးဆုံးစမတ်ဖုန်း ဖြစ်သလို အခုလက်ရှိမှာ 4.4.2 အထိလည်း Upgrade လုပ်နိုင်ပါတယ်။ Note 3 ကတော့ နဂိုထည့်ပေးထားတဲ့ OS က အန်းဒရွိုက် 4.3 (Jelly Bean) ဖြစ်ပြီး မကြာခင်မှာတော့ 4.4.2 ကို Upgrade လုပ်နိုင်တော့မယ်လို့ သိရပါတယ်။ Note 3 မှာ အချက်အလက်တွေ ထားသိုဖို့ ဖုန်းတွင်းမှတ်ဉာဏ် 16GB/ 32GB/ 64GB စသဖြင့် Model အမျိုးမျိုး စီစဉ်ပေးထားကာ 3GB RAM တပ်ဆင်ထားပါတယ်။ microSD Card လည်း ထပ်မံချဲ့ထွင် နိုင်ပါတယ်။ Nexus 5 မှာက microSD Card ထည့်နိုင်မှာ မဟုတ်ပေမယ့် ဖုန်းတွင်းမှတ်ဉာဏ် 16GB/32GB ဆိုပြီး Model နှစ်မျိုးရှိပါတယ်။ RAM ကတော့ 2GB ပါ။ LG ရဲ့ Nexus 5 ကို အသေးစိတ်လေ့လာ ၀ယ်ယူချင်သူတွေအနေနဲ့ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ LG Showroom မှာ သွားရောက်စုံစမ်းနိုင်ပါတယ်။
Credit to:Smart Pro journal
0 comments: